ဘာကြီးလဲ..? ခင်ဗျားတို့ရဲ့အနုပညာဆိုတာ ဘာတွေလဲ? AMHTA METHON
ခင်ဗျားတွေ့ဖူးလား? အနုပညာရှင်ဆိုတဲ့သူကသူ့ထိုင်ခုံမှာထိုင်နေပြီး လာကြည့်တဲ့သူကို ဘာမှလုပ်ပြမနေပဲ မျက်လုံးချင်းစုံပြီး စိုက်ကြည့်နေတာတွေ။ canvas မှာဘာပုံမှမပါပဲ ဆေးရောင်တစ်ရောင်ပဲသုတ်ထားတာ၊ ကလေးဆော့စရာ ခွေးအရုပ်လို ပူပေါင်းကို စတီးနဲ့လုပ်ထားပြီး ပြခန်းအလယ်မှာ ပြထားတာ၊ လာသမျှလူကို အရပ်တိုင်းပြီး နံရံမှာလက်မှတ်ထိုးခိုင်းနေတာ၊ ဟော…နောက်တယောက်က တန်ဖိုးကြီးရှေးဟောင်းပန်းအိုးတွေကိုချခွဲနေတာ၊ ဖရုံသီးလို အရာ၀တ္ထုကြီးကို ဆေးအပြောက်တွေသုတ်ထားပြီး ကြောင်တောင်တောင် အင်္ကျီကြီးဝတ်ထားတာ ဒါတွေကို ခင်ဗျားတို့မြင်တာနဲ့ ဒီစာရဲ့ ခေါင်းစဉ်လို “ဒါအနုပညာလား၊ ဘာတွေလဲ အနုပညာရောဟုတ်ရဲ့လား” မေးကြမှာပါ။ မေးလည်းမေးရမယ့်၊ မေးကိုမေးရမယ့် မေးခွန်းပါ။
contemporary art လို့ ဆိုလိုက်တာနဲ့ ပဠိပက္ခတွေ၊ အငြင်းပွားစရာတွေ၊ မေးခွန်းထုတ်စရာတွေနဲ့ ပြည့်နေတဲ့ အခုလက်ရှိနေထိုင်နေတဲ့ ကမ္ဘာရဲ့ခေတ်ပြိုင်အနုပညာပါ။
ခေတ်ပြိုင်အနုပညာအကြောင်းပြောကြမယ်ဆိုရင် The story of art အကြောင်း အရင်နားလည်ထားဖို့လိုပါတယ်။ ဘာလို့လည်းဆို ခေတ်ပြိုင်ကာလကိုမရောက်ခင် ဒီခေတ်ပြိုင်အနုပညာငနဲက လူတစ်ယောက်ရဲ့ရှင်သန်မှုလို တိုးတက်ပြောင်းလဲလာလို့ပါ။
ခုသုံးသပ်ချက်နဲ့ အာချောင်မှုတွေက ကျတော့အမြင်သီးသန့်ပါ။ ကျတော်မှန်တယ်လို့ မဆိုလိုပါဘူး။
လူတယောက်ရဲ့ ဘ၀တလျှောက်လုံးမှာ အများဆုံးလုပ်ကြတဲ့ အလုပ်က အတွေးထဲမှာ နေထိုင်တာပါ။ အဲ့ဒီ အတွေးတွေကနေပဲ အပြောတွေ၊လက်တွေ့လုပ်ဆောင်ချက်တွေ ဖြစ်လာကြပါတယ်။ ကျတော်တို့ ပန်းချီကား ဒါမှမဟုတ် Artwork တခုခုကိုကြည့်တဲ့အခါ အရင်ဆုံး အတွေးနယ်ထဲကိုရောက်သွားပါတယ်။
“ ပန်းချီဆရာက ဘာပြောချင်တာလဲ” စဉ်းစားဖူးမှာပါ။ အများဆုံး ခင်ဗျားတို့ကို အတွေးနယ်ထဲပို့လိုက်မှာက “Modern art” နဲ့ ခေတ်ပြိုင်တွေဖြစ်မှာပါ။
ဒါပေမယ့် လီယိုနာဒိုဒါဗင်ချီ ရဲ့ မိုနာလီဆာ ပန်းချီကားမျိုးကလည်း “သူ့အပြုံးက ဘာကိုလျှို့ဝှက်နေတာလည်း၊ သူကဘယ်လိုမိန်းကလေးမျိုးလဲ” ဆိုတာလို
2nd Century BC ဂရိခေတ်ဟောင်းက Venus de Milo ရုပ်တုကလည်း “လက်တွေသာရှိရင် ဘယ်နေရာမှာရှိမလဲ၊ဘယ်လိုဟန်လေးလဲ” ဆိုတာ ဖန်တီးသူက အတွေးပွားစေပါတယ်။
Rodin ရဲ့ The Thinker ရုပ်တုလို Artist က ကျတော်တို့ရဲ့ အတွေးနယ်ကိုဆွဲချဲ့ကြတာပါပဲ။
ဒါပေမယ့် ရိုးရာArt လို့ခေါ်တဲ့ ခေတ်ဟောင်း ပန်းချီ ပန်းပုတို့နဲ့ Modern Artwok ၊ Contemporary တို့ရဲ့ Artist တွေပေးချင်တဲ့ အတွေးနယ်တွေဟာမတူကြပါဘူး။
ခေတ်ဟောင်းအနုပညာအများစုက အပြကို အရင်ပြသပြီး Artist က ဘာပြောချင်တာလည်းဆိုတာကို တွေးစေတာပါ။
တနည်းပြောရရင် ဒီပုံဟာ ဘာကြီးပါဆိုတာ အဖြေကိုပေးပြီးမှ ခင်ဗျားဘယ်လိုခံစားရလည်း မေးခွန်းထုတ်တာပါ။
ဒါဆို Modern art ကရော၊ ဥပမာ စပိန်artist ပီကာဆိုက လူပုံတွေကို တူအောင်မဆွဲတော့ဘူး။
တြိဂံ၊လေးထောင့်တွေနဲ့ မှန်ကွဲစတွေလို အချိုးအစားဖျက်လိုက်တယ်။ ကျတော်တို့ဘာတွေတွေးမိလည်း။ အရင်ခေတ်က ပုံကိုမတူတူအောင်ရေးကြတယ်၊ ခုကြတော့ ပန်းချီရေးတာ တူစရာလိုသေးလား ဆိုတာမျိုး အတွေးစဝင်လာစေပြီ။ နောက် Artist က လှမ်းပြီး မေးခွန်းဆက်တိုက်ထုတ်တယ် “ ခင်ဗျား ဒီပုံကို ဘယ်လိုမြင်လည်း” ကျတော်တို့မဖြေရသေးခင်မှာ “ အလင်းအမှောင်ကရော ခင်ဗျားတို့မြင်နေကြ သဘာ၀ရော ဟုတ်ရဲ့လား” “တကယ့်အစစ်အမှန်ရော မြင်ရဲ့လား” ဟော…အများကြီးပဲ။
ဒီလိုမေးခွန်းတွေနဲ့ Modernခေတ်ကြီးကို Artistတွေထူထောင်လိုက်ကြတော့တယ်။ ကျတော့အမြင် ဒါ သဘာ၀ကြီးကိုစိန်ခေါ်ပစ်လိုက်ကြတာပဲ။ ခေတ်ဟောင်းက လှလားလို့မေးနေတဲ့အချိန် Modern က မတူချင်ဘူးကွာလို့ပြောလိုက်သလိုပါပဲ။
ဒီဘက်ခေတ် Contemporary ခေတ်ရောက်လာတော့လည်း အရင်ခေတ်က Artistတွေလို ခံစားသူတွေကို အတွေးနယ်ထဲ လမ်းလျှောက်ခိုင်းနေဆဲပါ။ မေးခွန်းတွေ မေးနေဆဲပါ။ ဒါပေမယ့် မတူတော့ဘူး။ ဘာတွေမတူတော့တာလည်းဆိုရင် ခေတ်သစ်အနှပညာက Form တွေ Composition တွေနဲ့မေးခွန်းမေးတယ်။ ခေတ်ပြိုင်အနုပညာ ကတော့ ဒီစာရဲ့ အပေါ်က သူတို့ရဲ့ artworkတွေကို ဖန်တီးပြပြီး “မင်း ဘာကိုမြင်တာလဲ၊ မင်း ဘာကို ယုံကြည်တာလဲ” လို့ ခင်ဗျားကို ဒဲ့ပဲ တိုက်ရိုက်ကြီး မေးခွန်းထုတ်တော့တယ်။
“ ကဲ ခင်ဗျား ဘာမြင်လည်း… ဖြေ”
ကျေးဇူးပါ AMHTA METHON ( 20 Apr 2026 )