ပန်းချီဆင့်ကဲပြောင်းလဲမှုနှင့် မျောက်ဝင်စားခြင်း : AMHTA METHON


        ဆင့်ကဲပြောင်းလဲမှု (Evolution) ဆိုတာ သက်ရှိသတ္တဝါတွေ အချိန်ကာလ ကြာမြင့်လာတာနဲ့အမျှ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်အောင် မျိုးဆက်တစ်ခုကနေ နောက်တစ်ခုဆီ တဖြည်းဖြည်း ပြောင်းလဲလာတဲ့ ဖြစ်စဉ်ကို ခေါ်တာဖြစ်ပါတယ်။

       ဒါဆို ပန်းချီကရော ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်ထဲပါလား? လူသားကနေ မျောက်ဝံ၊ မျောက်ဝံကနေလူသား၊ အတွေးအခေါ်လွတ်လပ်မှုကနေ တူလှချည်ရဲ့ ခံစားမှုဆီ ဘာတွေဆက်ဖြစ်လာနိုင်မလဲ။

       ဒီအကြောင်းအရာကို ယုတ္တိကျကျနဲ့ အနုပညာသဘောတရားအရ သုံးသပ်ကြည့်မယ်ဆိုရင်တော့ "ပန်းချီပညာဟာ ယဉ်ကျေးမှုဆိုင်ရာ ဆင့်ကဲပြောင်းလဲမှု (Cultural Evolution) တစ်ရပ်ဖြစ်တယ်" ဆိုတဲ့ အမြင်ကို ကောင်းကောင်း နားလည်သဘောပေါက်ကြမှာပါ။ဇီဝဗေဒမှာ သက်ရှိတွေ ဆင့်ကဲပြောင်းလဲသလိုပဲ ပန်းချီပညာရပ်မှာလည်း အလားတူ ဖြစ်စဉ်တွေ ရှိနေတယ်။

        

          ခေတ်အဆက်ဆက် ပန်းချီဆရာတွေဟာ အရောင်သုံးစွဲပုံကအစ စုတ်ချက်နဲ့ အတွေးအခေါ်သစ်တွေကို အမြဲစမ်းသပ် ဖန်တီးခဲ့ကြတယ်။ ဇီဝဗေဒမှာ သဘာဝတရားက ရွေးချယ်သလိုပဲ၊ ပန်းချီမှာက"ခေတ်ကာလရဲ့ လိုအပ်ချက်၊ လူ့အဖွဲ့အစည်းရဲ့ ခံစားမှုနဲ့ ယဉ်ကျေးမှု" တွေက ဘယ်ပန်းချီအမျိုးအစားဟာ ရှင်သန်ကျန်ရစ်မလဲဆိုတာကို ရွေးချယ်တယ်။ လူတွေ နှစ်သက်တဲ့၊ ခေတ်ကိုထင်ဟပ်တဲ့ ပန်းချီရေစီးကြောင်းတွေဟာ ရှင်သန်ကြီးထွားလာပြီး၊ လူတွေ စိတ်မဝင်စားတဲ့ ပုံစံတွေက တဖြည်းဖြည်း မှေးမှိန်သွားမှာပါ။ပန်းချီရေစီးကြောင်းရဲ့ ခေတ်ကြီးကလည်း သက်သေပြနေပါတယ်။


       အောင်မြင်တဲ့ ပန်းချီရေးဆွဲနည်းတွေ၊ လှုပ်ရှားမှုတွေကို မျိုးဆက်သစ် ပန်းချီဆရာတွေက သင်ယူကြတယ်။ အဲ့ဒီအပေါ်မှာ အခြေခံပြီးထပ်မံဆန်းသစ်ကြတဲ့အတွက် ပန်းချီပညာရပ်ဟာ ရပ်တန့်မနေဘဲ အမြဲတမ်း ဆက်လက်တိုးတက်ပြောင်းလဲနေတယ်။ပန်းချီရဲ့ ဆင့်ကဲပြောင်းလဲမှုက လူသားတွေရဲ့ ဉာဏ်ရည်၊ ခံစားချက်နဲ့ ဖန်တီးနိုင်စွမ်းအပေါ်မှာ အခြေခံပြီး ယဉ်ကျေးမှုအရ ပြောင်းလဲလာတာ ဖြစ်တယ်။


        လူတော်တော်များများက ဆင့်ကဲပြောင်းလဲမှုဆိုတာ အောက်ခြေကနေ အထက်ကို တက်သွားတဲ့ လှေကားတစ်စင်းလို တွေးတတ်ကြတယ်။ ဥပမာ - မျောက်ကနေ လူဖြစ်လာတယ်ဆိုတဲ့ အမြင်မျိုး… ဒါပေမယ့် သိပ္ပံနည်းကျ အမှန်တရားကတော့ ဆင့်ကဲပြောင်းလဲမှုဆိုတာ ပိုပြီး ပြည့်စုံသွားတာမဟုတ်ဘူး လက်ရှိ ပတ်ဝန်းကျင်နဲ့ အသင့်တော်ဆုံး ဖြစ်အောင် ပြောင်းလဲသွားခြင်းသာဖြစ်ပါတယ်လို့ဆိုတယ်။ဥပမာပြောရရင် လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာက ကုန်းပေါ်မှာ လမ်းလျှောက်နေတဲ့ နို့တိုက်သတ္တဝါတွေဟာ ရေထဲမှာ အစာပေါများတဲ့အတွက် ရေထဲကို ပြန်ဆင်းပြီး နေထိုင်ရင်းကနေ ဝေလငါး တွေ ဖြစ်လာကြတယ်။ ခြေလက်တွေပျောက်ပြီး ရေယက်တွေ ပြန်ဖြစ်သွားပေမယ့် ဒါကို ဆင့်ကဲပြောင်းလဲမှု နောက်ပြန်ဆုတ်တယ်လို့ မခေါ်ဘဲ၊ ပတ်ဝန်းကျင်အသစ်နဲ့ အံဝင်ခွင်ကျဖြစ်အောင် ပြောင်းလဲခြင်းလို့ပဲ သတ်မှတ်တယ်။


      Renaissance ခေတ်က လက်ရာတွေကို လူတွေ နောက်ပိုင်းမှာ သိပ်မခံစားကြတော့တာ၊ ဒါမှမဟုတ် အဲဒီလို ပုံစံမျိုးတွေ ဆက်မဆွဲကြတော့တာက နောက်ပြန်ဆုတ်သွားတာ မဟုတ်ဘူး။ ဓာတ်ပုံတွေ ပေါ်လာတဲ့အခါ အရာဝတ္ထုတွေကို အတုခိုးပြီး အတိအကျဆွဲတဲ့ Renaissance ပုံစံထက် စိတ်ခံစားချက်ကို ဦးစားပေးတဲ့ Impressionism /အတွေးအခေါ်ကို ဦးစားပေးတဲ့ Abstract ပန်းချီတွေဘက်ကို ပြောင်းလဲသွားကြတယ်။ ဒါဟာ ခေတ်သစ်ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်အောင် အနုပညာက ဆင့်ကဲပြောင်းလဲသွားတာဖြစ်တယ်။

 

        ယဉ်ကျေးမှုနဲ့ အတွေးအခေါ်တွေဟာ မျဉ်းဖြောင့်အတိုင်း တိုးတက်တာမဟုတ်ဘဲ ခရုပတ် ပုံစံ ပြောင်းလဲနေတာလို့ဆိုပါတယ်။ အတိတ်က အကြောင်းတွေဆီကို တစ်ခါတလေ ပြန်လှည့်သွားတတ်ပေမယ့် အရင်က လူတွေရဲ့ အမြင်မျိုးနဲ့ ထပ်တူမကျတော့ဘဲ၊ ခေတ်သစ်အမြင်တစ်ခု ပါဝင်ပေါင်းစပ်လာတတ်ပါတယ်။ ဒါကိုက ဖန်တီးမှုအသစ်တွေဆီဦးတည်ကြဦးမှာပါ။ရှေးခေတ်ဖက်ရှင်တွေကို ခေတ်အမြင်နဲ့ပေါင်းဆက်ချုပ်ဝတ်ကြတာမျိုး၊ ဆံပင်ကေတွေ ဖန်တီးကြတာမျိုးပါ။


       အချုပ်အားဖြင့်ပြောရရင် လူတွေဟာ မျောက်ပြန်မဖြစ်နိုင်တာ သေချာတယ်။ ဒါပေမယ့် လူတွေရဲ့ အတွေးအခေါ်နဲ့ အနုပညာ ခံစားမှုတွေကတော့ လက်ရှိ ကြုံတွေ့နေရတဲ့ ခေတ်ကာလ၊ နည်းပညာနဲ့ လူ့အဖွဲ့အစည်းရဲ့ အခြေအနေတွေအပေါ် မူတည်ပြီး အမြဲတမ်း ပုံစံသစ်တွေအဖြစ် လိုက်လျောညီထွေ ပြောင်းလဲနေမှာပါ။ တကယ်လို့ ခံစားမှူရေစီးကြောင်းပြောင်းပြန်စီးလာမယ်ဆိုလည်း မြစ်ကြောင်းအသစ်နဲ့လှပနေမှာပါ။ဒါမှမဟုတ် အရင်ခေတ်က အရာတွေကို ငြင်းပယ်တာဟာလည်း ရှေ့ဆက်ဖို့အတွက် ခြေလှမ်းတစ်ခုပါ။

 

                                                                                                                                                   ကျေးဇူးပါ                                                                                                                                                                                               AMHTA METHON ( 5 May 2026)