အက်စ်သဲတစ်စစ်ဇင် (Aestheticism)အနုပညာ လှုပ်ရှားမှု

Read more in English ➡️ (click here) , အကျဉ်းချုပ် ➡️ (click here)


အက်စ်သဲတစ်စစ်ဇင် (သို့မဟုတ် Aesthetic Movement) သည် စာပေ၊ အနုသုခုမပညာ၊ ဂီတနှင့် အခြားအနုပညာရပ်များအတွက် လူမှုရေး-နိုင်ငံရေး အကြောင်းအရာများထက် အလှတရားဆိုင်ရာ တန်ဖိုးများကို အလေးပေးမှုကို ထောက်ခံအားပေးသော ဉာဏနှင့် အနုပညာလှုပ်ရှားမှုတစ်ခု ဖြစ်သည်။ ဆိုလိုသည်မှာ ဤလှုပ်ရှားမှုမှ အနုပညာသည် နက်နဲသော အဓိပ္ပာယ်ရှိခြင်းထက် လှပနေစေရန် ပိုမိုအာရုံစိုက်ခဲ့သည် - 'အနုပညာအတွက် အနုပညာ (Art for Art's sake)' ပင်ဖြစ်သည်။ ၎င်းသည် ၁၉ ရာစုအတွင်း ဥရောပတွင် အထူးထင်ရှားခဲ့ပြီး အော်စကာ ဝိုင်းလ်ဒ် (Oscar Wilde) ကဲ့သို့သော ထင်ရှားသူများက ထောက်ခံအားပေးခဲ့ကြသည်။ သို့သော် ဟာရိုး ဘလွန်းမ် (Harold Bloom) ကဲ့သို့သော ခေတ်ပြိုင် ဝေဖန်ရေးဆရာများသည်လည်း ဤလှုပ်ရှားမှုနှင့် ဆက်စပ်နေကြသည်။ ဘလွန်းမ်သည် လွန်ခဲ့သော ရာစုနှစ်အတွင်း လူ့ယဉ်ကျေးမှုသိပ္ပံ ဌာနများတွင် ကြီးထွားလာသော ပြဿနာတစ်ခုဟု သူယူဆသည့် စာပေလက်ရာများအပေါ် လူမှုရေးနှင့် နိုင်ငံရေး အယူဝါဒများ လွှမ်းမိုးချထားခြင်းကို မကြာသေးမီက ဆန့်ကျင်ငြင်းခုံခဲ့သူ ဖြစ်သည်။

၁၉ ရာစုတွင်၊ ၎င်းသည် ပြင်သစ်နိုင်ငံကိုယ်စားပြု သင်္ကေတဝါဒ (symbolism) သို့မဟုတ် ယိုယွင်းမှုဝါဒ (decadence)၊ သို့မဟုတ် အီတလီနိုင်ငံကိုယ်စားပြု decadentismo ကဲ့သို့သော အခြားလှုပ်ရှားမှုများနှင့် ဆက်စပ်နေပြီး၊ တူညီသောစတိုင်၏ ဗြိတိသျှဗားရှင်းအဖြစ် ယူဆနိုင်သည်။

ဗြိတိသျှ ယိုယွင်းမှုဝါဒီ (decadent) စာရေးဆရာများသည် အောက်စ်ဖို့ဒ် ပါမောက္ခ ဝေါ်လ်တာ ပေတာ (Walter Pater) နှင့် ၁၈၆၇-၆၈ ခုနှစ်အတွင်း ထုတ်ဝေခဲ့သော သူ၏ အက်ဆေးများ၏ လွှမ်းမိုးမှုကို များစွာခံခဲ့ရသည်။ ယင်းအက်ဆေးများတွင် သူက ဘဝကို အလှတရား၏ စံပြတစ်ခုနှင့်အတူ ပြင်းပြင်းထန်ထန် ရှင်သန်ရမည်ဟု ဖော်ပြခဲ့သည်။ သူ၏ Studies in the History of the Renaissance (၁၈၇၃) စာအုပ်သည် ၁၉ ရာစုနှောင်းပိုင်းက အနုပညာကို စိတ်ဝင်စားသော လူငယ်များကြားတွင် အလွန်ရေပန်းစား လူကြိုက်များခဲ့သည်။ ယိုယွင်းမှုဝါဒ (Decadent movement) မှ စာရေးဆရာများသည် "အနုပညာအတွက် အနုပညာ" (L'art pour l'art) ဟူသော ဆောင်ပုဒ်ကို အသုံးပြုခဲ့ကြပြီး ယင်း၏ မူလဇာစ်မြစ်မှာ အငြင်းပွားဖွယ် ဖြစ်နေဆဲဖြစ်သည်။ အချို့က ယင်းကို ဒဿနိကဗေဒပညာရှင် ဗစ်တာ ကူဇင် (Victor Cousin) က တီထွင်ခဲ့သည်ဟု ဆိုကြသော်လည်း၊ အင်ဂျလာ လေတန် (Angela Leighton) က သူမ၏ On Form: Poetry, Aestheticism and the Legacy of a Word (၂၀၀၇) စာအုပ်တွင် အဆိုပါစကားစုကို ဘင်ဂျမင် ကွန်စတန့် (Benjamin Constant) က ၁၈၀၄ ခုနှစ်ကတည်းက အသုံးပြုခဲ့ကြောင်း မှတ်ချက်ပြုထားသည်။ ၎င်းကို ပြင်သစ်နိုင်ငံမှ သီယိုဖိုင်း ဂေါတီယာ (Théophile Gautier) က မြှင့်တင်ခဲ့သည်ဟု ယေဘုယျအားဖြင့် လက်ခံထားကြပြီး၊ သူက ယင်းစကားစုကို အနုပညာနှင့် ကိုယ်ကျင့်တရားကြားတွင် မည်သည့် အစစ်အမှန် ဆက်စပ်မှုမျှ မရှိကြောင်း အကြံပြုရန် အဓိပ္ပာယ်ဖွင့်ဆိုခဲ့သည်။

Aesthetic စတိုင်မှ အနုပညာရှင်များနှင့် စာရေးဆရာများသည် အနုပညာဆိုသည်မှာ ကိုယ်ကျင့်တရား သို့မဟုတ် စိတ်ခံစားမှုဆိုင်ရာ မက်ဆေ့ချ်များ ပေးပို့ခြင်းထက်၊ သိမ်မွေ့သော အာရုံခံစားမှုဆိုင်ရာ သာယာကြည်နူးမှုကို ပေးစွမ်းသင့်ကြောင်း ထုတ်ဖော်ပြောဆိုလေ့ရှိကြသည်။ ရလဒ်အနေဖြင့်၊ ၎င်းတို့သည် ဂျွန် ရပ်စ်ကင်း (John Ruskin)၊ မက်သယူး အာနိုး (Matthew Arnold) နှင့် ဂျော့ချ် မက်ဒေါ်နယ် (George MacDonald) တို့၏ အနုပညာသည် ကိုယ်ကျင့်တရားဆိုင်ရာ သို့မဟုတ် အသုံးဝင်သောအရာဖြစ်သည့် "အမှန်တရားအတွက် အနုပညာ" ဟူသော ခံယူချက်ကို လက်မခံခဲ့ကြပေ။ ယင်းအစား၊ အနုပညာတွင် မည်သည့် ဆုံးမသွန်သင်လိုသော ရည်ရွယ်ချက်မျှ မရှိဘဲ၊ လှပရန်သာ လိုအပ်သည်ဟု သူတို့ ယုံကြည်ခဲ့ကြသည်။ အလှတရားတန်ဖိုးထားသူများ (Aesthetes) သည် အလှတရားကို ကိုးကွယ်မှုတစ်ခုအဖြစ် တည်ဆောက်ခဲ့ကြပြီး ယင်းကို အနုပညာ၏ အခြေခံအချက်အဖြစ် သတ်မှတ်ခဲ့ကြသည်။ ဘဝသည် အနုပညာကို အတုယူကူးချသင့်သည်ဟု ၎င်းတို့က အခိုင်အမာ ဆိုခဲ့ကြသည်။ ၎င်းတို့က သဘာဝတရားသည် အနုပညာနှင့် နှိုင်းယှဉ်ပါက ရိုင်းစိုင်းကြမ်းတမ်းပြီး ဒီဇိုင်းဖွဲ့စည်းမှု ကင်းမဲ့သည်ဟု ယူဆခဲ့ကြသည်။ ထိုစတိုင်၏ အဓိကဝိသေသလက္ခဏာများမှာ - တိုက်ရိုက်ပြောဆိုခြင်းထက် အရိပ်အမြွက်ပြခြင်း၊ ကာမဂုဏ်ခံစားမှု၊ သင်္ကေတများကို ကြီးမားစွာ အသုံးပြုခြင်းနှင့်၊ စကားလုံးများ၊ အရောင်များနှင့် ဂီတတို့အကြား ချိတ်ဆက်မှုဖြစ်သော အာရုံပေါင်းစပ်ခြင်း/အယူအဆပေါင်းစပ်ခြင်း (synaesthetic/ Ideasthetic) အကျိုးသက်ရောက်မှုများ ဖြစ်ကြသည်။ ဂီတကို ခံစားချက်အနေအထား (mood) ဖန်တီးရန်အတွက် အသုံးပြုခဲ့ကြသည်။

Aesthetics ဝါဒီများ၏ ရှေ့တော်ဆက်များတွင် ဂျွန် ကိတ္တစ် (John Keats)၊ ပါစီ ဘစ်ရှ် ရှယ်လီ (Percy Bysshe Shelley) နှင့် အချို့သော ပရီ-ရာဖေးလိုက်များ (Pre-Raphaelites) ပါဝင်သည်။ ဗြိတိန်တွင် အကောင်းဆုံး ကိုယ်စားပြုသူများမှာ ပြင်သစ် သင်္ကေတဝါဒီများ (Symbolists) ၏ လွှမ်းမိုးမှုကို ခံခဲ့ရသော အော်စကာ ဝိုင်းလ်ဒ် (Oscar Wilde) နှင့် အယ်လ်ဂါနွန် ချားလ်စ် ဆွင်ဘန်း (Algernon Charles Swinburne) တို့အပြင် ဂျိမ်းစ် မက်နေးလ် ဝစ်စလာ (James McNeill Whistler) နှင့် ဒန်တီ ဂေဘရီရယ် ရိုဆက်တီ (Dante Gabriel Rossetti) တို့ ဖြစ်ကြသည်။ အဆိုပါ စတိုင်လ်နှင့် ဤကဗျာဆရာများကို ဂေးလ်ဘတ် (Gilbert) နှင့် ဆူလစ်ဗန် (Sullivan) တို့၏ ဟာသအော်ပရာ Patience နှင့် F. C. Burnand ၏ ပြဇာတ် The Colonel ကဲ့သို့သော အခြားလက်ရာများတွင် လည်းကောင်း၊ Punch ကဲ့သို့သော ဟာသမဂ္ဂဇင်းများတွင် လည်းကောင်း သရော်လှောင်ပြောင်ခဲ့ကြသည်။

(WiKiArt မှ ကူးယူဖော်ပြခြင်းဖြစ်သည်။ အပြည့်အစုံလေ့လာလိုလျှင် wikiart.org တွင်သွား‌ရောက်ဖတ်ရှုပါ။)       AMHTA METHON-ART