ဌာနေဝါဒ (Indigenism) အနုပညာ လှုပ်ရှားမှု



     Indigenism ဟူသော စကားလုံးနှင့် ဆက်စပ်၍ အဓိပ္ပာယ်အမျိုးမျိုးရှိသော်လည်း၊ အမြင်အာရုံအနုပညာနှင့် ပတ်သက်လာလျှင် ဤဝေါဟာရသည် ၁၉၂၀ ပြည့်လွန်နှစ်များအတွင်း လက်တင်အမေရိကတွင် စတင်ခဲ့သော လှုပ်ရှားမှုတစ်ခုကို ရည်ညွှန်းသည်။ အဆိုပါ လှုပ်ရှားမှုတွင် အနုပညာရှင်များသည် ဥရောပအနုပညာ၏ ကြီးစိုးမှုကို ဆန့်ကျင်တိုက်ဖျက်ကာ ကိုလံဘတ်စ်မတိုင်မီခေတ် (pre-Columbian) အနုပညာကို လက်ခံယုံကြည်သည့် ၎င်းတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှုအကြောင်း အနုပညာများ ဖန်တီးခြင်းကို ပိုမိုအားပေးထောက်ခံခဲ့ကြသည်။

     ဌာနေဝါဒနှင့် ဆက်စပ်နေသော အနုပညာသည် နိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်များနှင့် အစဉ်အလာများအပြင် ၎င်းတို့၏ ဝိညာဉ်ရေးရာ ယုံကြည်ချက်များအပေါ် အာရုံစိုက်သည့် အကြောင်းအရာများပါဝင်ကာ အမြဲလိုလို ပုံပန်းသဏ္ဍာန်ကို ကိုယ်စားပြုသော သရုပ်ဖော်ပန်းချီ (figurative art) များ ဖြစ်ကြသည်။

မက္ကဆီကို တော်လှန်ရေးကာလအတွင်း မက္ကဆီကန် နံရံဆေးရေးပန်းချီဆရာများဖြစ်ကြသော ဒီယေဂို ရီဗဲရာ (Diego Rivera)၊ ဟိုဆေး ကလီးမန့်တ် အိုရော့ဇ်ကို (José Clemente Orozco)၊ ဒေးဗစ် အယ်လ်ဖာရို ဆီကွီရို (David Alfaro Siqueiros) နှင့် ရူဖီနို တာမာယို (Rufino Tamayo) တို့သည် ဌာနေဝါဒကို လက်ခံကျင့်သုံးခဲ့ကြသည်။ ၎င်းတို့သည် မက္ကဆီကန် ယဉ်ကျေးမှုကို မြှင့်တင်ရန် သန္နိဋ္ဌာန်ချထားခဲ့ကြပြီး၊ ၎င်းတို့၏ နံရံဆေးရေးပန်းချီများတွင် သူတို့နိုင်ငံ၏ သမိုင်းကြောင်းနှင့် ပြည်သူလူထုအကြောင်းကို သရုပ်ဖော်ခဲ့ကြသည်။


(WiKiArt မှ ကူးယူဖော်ပြခြင်းဖြစ်သည်။ အပြည့်အစုံလေ့လာလိုလျှင် wikiart.org တွင်သွား‌ရောက်ဖတ်ရှုပါ။)       AMHTA METHON-ART